Saturday, August 4, 2012

ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း(၃)

by Myat Thein Tun on Saturday, August 4, 2012 at 1:53pm 
 


ပထမဦးဆုံးအနေနဲ့ ကိုရဲရင့်သစ္စာရဲ့ နောက်ဆုံးပြန်ကြားချက်ထဲမှာ ကျွန်တော့်အပေါ်ထားတဲ့ ကိုရဲရင့်သစ္စာရဲ့သဘောထားကို ဖော်ပြထားတာဖတ်ရှုရတဲ့အတွက် အလွန်ပီတိဖြစ်မိတဲ့အကြောင်း ထပ်မံပြောကြားလိုပါတယ်။ နောက်ပြီး တလောက ဆွီဒင်မူဆလင်အဆိုတော် မဟာဇိန်ရဲ့ သတင်းအမှားဓာတ်ပုံကို မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ သွားရောက် ကန့်ကွက်ပေးတဲ့အတွက် ကိုရဲရင့်သစ္စာရဲ့ နိုင်ငံချစ်စိတ်ကို ကျေးဇူးတင်စွာနဲ့ မှတ်တမ်းတင်ချင်ပါတယ်။ တမြေတည်းနေ၊ တရေတည်းသောက်တဲ့ ညီအစ်ကိုတွေကြားမှာ ဖြစ်ပေါ်နေတဲ့ အထင်မြင်လွဲမှားမှုတွေကို ကိုရဲရင့်သစ္စာရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်က တော်တော်လေးကို ထိရောက်စွာ ချေဖျက်နိုင်ခဲ့တယ်လို့ မြင်မိပါတယ်။ ကိုရဲရင့်သစ္စာက ကျွန်တော့်ရဲ့ပြန်ကြားချက်ကို စနစ်တကျ အချက်အလက်လေးတွေ ထုတ်နှုတ်ပြီး ရှင်းလင်းစွာဖြေကြားထားတာကို တွေ့ရပါတယ်။ အဲဒါကြောင့်လည်းကျွန်တော်ရေးသားခဲ့တဲ့ ပြန်ကြားချက်ထဲက ပေါ့ဆမှုတွေကို သတိထားမိတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားပါရစေ။

ကျွန်တော်ရေးသားခဲ့တဲ့အထဲမှာ ဘင်္ဂလီတွေအလုံးအရင်း အခြေချမှုပုံစံအနေနဲ့ သုံးကြိမ်ရှိခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ် အနေနဲ့ မြောက်ဦးခေတ်မှာ စစ်သုံ့ပန့်(သို့) ကျွန်အရောင်းအ၀ယ်အနေနဲ့ ရောက်ရှိလာတယ်ဆိုတဲ့ အချက်ကို ကိုရဲရင့်သစ္စာက ကျမ်းအကိုးအကားနဲ့ ငြင်းပယ်သွားတာ တွေ့ရပါတယ်။ မင်းစောမွန်ဟာ ဘင်္ဂလား စူလတန်ရဲ့ အကူအညီနဲ့မြောက်ဦးထီးနန်းကို ထူထောင်ခဲ့တဲ့အတွက် ဘင်္ဂလီတွေဟာ မြောက်ဦးနေပြည်တော်မှာ သူကောင်းပြုခံရပြီး ဘင်္ဂလီစာပေကို နန်းသုံးစာပေအဖြစ် သတ်မှတ်ခံခဲ့ရကြောင်းကို Dr S.B Qanungo ရဲ့ History of Chittagong Volume I စာ-၅၇၁ ကနေ ၅၇၄ အထိ ကို ကိုးကားပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ ကျွန်တော်လေ့လာကြည့်သလောက်ကတော့ မင်းစောမွန်ဟာ မြောက်ဦးထီးနန်းကို ဘင်္ဂလားစူလတန်အကူအညီနဲ့ ထူထောင်ခဲ့တယ်ဆိုတဲ့ အချက်နဲပတ်သက်ပြီး သမိုင်းကြောင်းကွဲလွဲမှုတွေရှိနေပါတယ်။ လောင်းကြက်ထီးနန်းကို အင်းဝမင်းခေါင်လာတိုက်လို့ မင်းစောမွန် ဂေါလ်ဘုရင်ခံဆီ ခိုလှုံခဲ့ရတယ်ဆိုတာကတော့ သမိုင်းအမှန်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မင်းစောမွန်ရဲ့နောက်မှာဆက်ခံတဲ့ သူ့ရဲ့ညီတော်မင်းခရီဟာ ဟံသာဝတီပြည့်ရှင် ရာဇဓိရာဇ်ဆီမှာ ခိုလှုံခဲ့တယ်ဆိုတဲ့အထောက်အထားလည်း ရှိနေပါတယ်။ ပြင်သစ်သမိုင်းပညာရှင် J.Leider ရဲ့စာတမ်းမှာAfter thirteen years of Burmese government under Narathaa, who was married to the Burmese king’s daughter Rhwe pran khyam: sa, it was Naranu, Naramit-hla’s brother, who thanks to a coalition with the Mon king Rajadhiraj28 , reconquered Arakan from the Burmese, it was Naranu who called back his brother from exile and put him back on the throne လို့ဖော်ပြထားတဲ့အတွက် မြောက်ဦးထီးနန်းဟာ ဘင်္ဂလားစူလတန်အကူအညီနဲ့ ထူထောင်တာလား၊ ဟံသာဝတီအကူအညီနဲ့ ထူထောင်တာလားဆိုတာ အငြင်းပွားစရာရှိနေပါတယ်။ဒါပေမယ့် ဒီနေရာမှာတော့ ဘင်္ဂလားစူလတန်အကူအညီကိုယူခဲ့တယ်ဆိုတဲ့ အချက်ကိုပဲ အခြေခံပြီး ဆွေးနွေးသွားပါ့မယ်။ ဘင်္ဂလီအခြေချမှုနဲ့ ပတ်သက်ပြီး မဂိုအင်ပါယာကနေ စေလွှတ်ထားတဲ့ သံအမတ်ကြီးသုံးယောက်ရဲ့ သာသနာပြုမှုကြောင့် ဗုဒ္ဓဘာသာတွေဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းလာတယ်လို့ ရခိုင်မဟာရာဇ၀င်ကြီးကို ကိုးကားပြီး ကိုရဲရင့်သစ္စာဖော်ပြထားတာ တွေ့ရပါတယ်။ ဒီအချက်ကို ရခိုင်မဟာရာဇ၀င်ကြီးမှာ ရှာကြည့်တဲ့အခါ ကိုရဲရင့်သစ္စာတင်ပြထားတဲ့အတိုင်း ရေးသားထားတာ တွေ့ရပါတယ်။ အပေါ်ကပြောထားတဲ့ အချက်တွေကိုထောက်ရှုပြီး ကိုရဲရင့်သစ္စာက  စစ်သုံ့ပန့်၊ကျွန်တွေရဲ့ အဆက်အနွယ်တွေဆိုရင် ဗလီဆောက်လုပ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ကောက်ချက်ချထားတာ တွေ့ရပါတယ်။နောက်ပြီး ဘင်္ဂလီတွေဟာ ဘုရင်ရဲ့ အဆင့်မြင့်အမှုထမ်းတွေဖြစ်လာပြီး ဘုရင်ကိုယ်တိုင် ဘင်္ဂလီယဉ်ကျေးမှု လွှမ်းမိုးခံလာရတယ်၊ ဘင်္ဂလီစာပေဟာ နန်းသုံးစာပေတစ်ရပ်ဖြစ်လာခဲ့တယ်လို့ ကျမ်းအကိုးအကားနဲ့ တင်ပြထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ဘင်္ဂလီအခြေချမှုဟာ ကျွန်တော်တင်ပြခဲ့တဲ့ အလုံးအရင်း အခြေချမှုမှာ အကျုံးမ၀င်ပါဘူး။ ဒီအချက်ကို ကျွန်တော်တတ်နိုင်သလောက် historically နဲ့ logically ရှင်းပြချင်ပါတယ်။

ကိုရဲရင့်သစ္စာကိုးကားသွားတဲ့ ဒေါက်တာအေးချမ်းရဲ့ စာတမ်းမှာ အထက်ပါအချက်နဲ့ ပတ်သက်ပြီး ခုလိုတင်ပြထားတာကို တွေ့ရပါတယ်။
King Min Saw Mon, the founder of Mrauk-U Dynasty (1430-1784) regained the throne with the military assistance of the Sultan of Bengal, after twenty-four years of exile in Bengal, his Bengali retinues were allowed to settle down in the outskirts of Mrauk-U, where they built the well-known Santikan mosque.
These were the earliest Muslim settlers and their community in Arakan did not seem to be large in number. In the middle of the seventeenth century the Muslim community grew because of the assignment of Bengali slaves in variety of the workforces in the country. The Portuguese and Arakanese raids of Benga (Bengal) for captives and loot became a conventional practice of the kingdom since the early sixteenth century. The Moghal historian Shiahabuddin Talish noted that only the Portuguese pirates sold their captives and that the Arakanese employed all of their prisoners in agriculture and other kinds of services.

ဒေါက်တာအေးချမ်းရဲ့ တင်ပြချက်ထဲမှာ မြောက်ဦးခေတ်ဦးမှာ တရားဝင် အခြေချနေထိုင်ခဲ့တဲ့ ဘင်္ဂလီဦးရေဟာ ၁၇ရာစုအလယ်ပိုင်းမတိုင်ခင်ထိ များများစားစားမရှိဘူးလို့ ဖော်ပြထားပါတယ်။ မင်းစောမွန်ဟာ မြောက်ဦးထီးနန်းကို စိုးစံစဉ်ကာလမှာ အဓိကမဟာမိတ်ဖြစ်တဲ့ မဂိုအင်ပါယာနဲ့ ချစ်ကြည်ရင်းနှီးမှုကို အရှည်တည်တံ့ခိုင်မြဲစေဖို့အတွက်ရယ်၊ ထီးနန်းထူထောင်ရာမှာ အကူအညီပေးခဲ့တဲ့ မူဆလင်စစ်သည်တော်တွေကို ချီးမြှင့်မြောက်စားတဲ့အနေနဲ့ရယ်၊ မြောက်ဦးနေပြည်တော်ကို ကူးသန်းရောင်းဝယ် ၀င်ထွက်နေကြတဲ့ အာရပ်၊ပါရှမ်း၊မဂို၊ ပထန်၊အာဖကန်စတဲ့ မူဆလင်ကုန်သည်တွေအတွက် ၀တ်ပြုကိုးကွယ်တာ အဆင်ပြေစေဖို့ အမြှော်မြင်ကြီးစွာနဲ့ Santikan ဗလီကြီးကို တည်ဆောက်ခွင့်ပေးခဲ့တာ ဖြစ်နိုင်ပါတယ်။ အဲဒီဗလီရဲ့ ဗိသုကာလက်ရာနဲ့ ပတ်သက်လို့ J.Lider က ခုလိုရေးထားတာ တွေ့ရပါတယ်။  According to Forchhammer, the construction technique of the Santikan mosque is closely related to the Dukkanthein and Chitethaung pagodas which date from the first half of the 16th century. အဲဒီတော့ အဲဒီဗလီဟာ မင်းစောမွန်လက်ထက်မှာ တည်ဆောက်ခဲ့တာ ဟုတ်မဟုတ် သံသယရှိစရာဖြစ်နေပါတယ်။ မူဆလင်ပိုင်နက်မှာ နှစ်၂၀ကျော် သွားရောက်ခိုလှုံခဲ့တယ်ဆိုပေမယ့် မူဆလင်အမည် ဆူလေမန်ရှားဘွဲ့ခံယူခဲ့တယ်လို့ မူဆလင်သမိုင်းဆရာအချို့ဖော်ပြထားတဲ့ မြောက်ဦးပြည့်ရှင် ဘုရင်မင်းမြတ် မင်းစောမွန်ဟာ မြောက်ဦးမြို့မှာရှိတဲ့ လေးမျက်နှာဘုရားနဲ့ မြောက်မြားစွာသော စေတီဘုရား ပုထိုးတွေရဲ့ အလှူ့ဒါယကာဖြစ်တယ် ဆိုတဲ့အချက်ကိုလည်း မေ့ထားလို့မရပါဘူး။  ဒီနေရာမှာ မင်းစောမွန်ခံယူခဲ့တယ်ဆိုတဲ့ ဆူလေမန်ရှားဘွဲ့နဲ့ ပတ်သက်လို့ ကွဲလွဲမှုတွေရှိနေပါသေးတယ်။ ဦးဖိုးလှအောင် ပြုစုတဲ့ ရခိုင်နိုင်ငံသမိုင်းသစ်မှာ မင်းစောမွန်ရဲ့အမည်ကို ကလီမန်ရှားလို့ဖော်ပြထားပြီး ဦးအောင်သာဦးရဲ့ ရခိုင်ရာဇ၀င်မှာတော့ မူဆလင်ဘွဲ့ဖော်ပြထားတာ မတွေ့ရပါဘူး။တနည်းအားဖြင့် သုံးသပ်ကြည့်ရင် ဒါဟာ မင်းစောမွန်ရဲ့ သံတမန်ရေးမှာ ပါးနပ်လိမ်မာမှုရှိတာကို ဖော်ညွှန်းနေပါတယ်။အဲဒီခေတ်အခါက ရခိုင်နဲ့ စစ်ရေး၊ကုန်သွယ်ရေးမှာ အဓိကဆက်ဆံနေရတာ မူဆလင်နိုင်ငံတွေဖြစ်နေတဲ့အတွက် မြောက်ဦးဘုရင်တွေဟာ ကုန်သွယ်ရေးမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်ဖို့ ဒင်္ဂါးတွေကို ပါရှားအက္ခရာနဲ့ ရိုက်နှိပ် ထုတ်ဝေခဲ့ပါတယ်။ အကယ်၍ ကိုရဲရင့်သစ္စာကိုးကားတင်ပြထားသလို ဘင်္ဂလီစာပေဟာ နန်းတွင်းသုံးစာပေတစ်ရပ်ဖြစ်ခဲ့မယ်ဆိုရင် အေဒီကိုးရာစုကတည်းက သက္ကတ၊ပါဠိ၊Magadhi Prakrit စတဲ့စာပေတွေကနေဆင်းသက်လာတဲ့ ဘင်္ဂလီအက္ခရာဟာ ရခိုင်ဒင်္ဂါးပေါ်မှာ ရိုက်နှိပ်ထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ တွင်ကျယ်လာတဲ့ အိမ်နီးချင်း တရုတ်ဘာသာစကားကို လေ့လာသလိုမျိုး အထွေထွေဗဟုသုတအနေနဲ့ စာပေလေ့လာလိုက်စားသူတွေ လေ့လာကောင်း လေ့လာခဲ့နိုင်ပါတယ်။ အဲဒါကြောင့် မြောက်ဦးခေတ်မှာ ဘင်္ဂလီယဉ်ကျေးမှု အမှန်တကယ် လွှမ်းမိုးခံရတယ်ဆိုတာ ဖြစ်နိုင်ချေအရမ်းနည်းပါးတဲ့ တင်ပြချက်လို့ပဲ သုံးသပ်မိပါတယ်။ ရခိုင်ဘုရင်တွေ မူဆလင်ဘွဲ့ခံယူတာကလည်း သူတို့နဲ့ခေတ်ပြိုင် ဘင်္ဂလားစူလတန်နဲ့ မဂိုဧကရာဇ်တွေရဲ့ ပုံစံကို အတုယူခဲ့တာပါ။ အဲဒီလိုအတုယူခဲ့လို့လည်း မင်းစောမွန်ကို အကူအညီပေးခဲ့တယ်လို့ သမိုင်းကျမ်းအချို့မှာဖော်ပြထားတဲ့ဘင်္ဂလားစူလတန်Jalaluddin ရဲ့ဒင်္ဂါးပြားပုံစံကို နမူနာယူပြီး မြောက်ဦးမှာ ဒဂါင်္းပြန်ထုတ်ခဲ့တာဖြစ်နိုင်ပါတယ်။ အဲဒီခေတ်တုန်းက ခေတ်ပြိုင်နိုင်ငံတွေဖြစ်တဲ့ အင်းဝ၊ဟံသာဝတီ စတဲ့နိုင်ငံတွေမှာ ဒဂါင်္းသုံးစွဲတာမျိုး မှတ်တမ်းမတွေ့ဖူးပါဘူး။ အနောက်ဖက်က ဘင်္ဂလားနဲ့ အိန္ဒိယ မဂိုအင်ပါယာတွေမှာသာ ဒင်္ဂါးသုံးစွဲတာ ရှိပါတယ်။ အဲဒါကြောင့် ကုန်သွယ်ရေးမှာ ကိုယ့်နိုင်ငံနယ်နိမိတ်ထက် ကျော်လွန်ပြီး သုံးစွဲလို့ရအောင် အဲဒီဒင်္ဂါးဒီဇိုင်းတွေကို အတုယူထုတ်လုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကိုကြည့်ပြီး ဘင်္ဂလားစူလတန်ဆီက အတုယူခဲ့အတွက် မြောက်ဦးခေတ်မှာ ဘင်္ဂလီယဉ်ကျေးမှုလွှမ်းမိုးခဲ့တယ်လို့ တထစ်ကျပြောလို့မရပါဘူး။ ဒီလိုမျိုးလုပ်ဆောင်တာဟာ မူဆလင်နိုင်ငံအများစုနဲ့ ဆက်ဆံရေးမှာ သြဇာလွှမ်းမိုးစေဖို့ ဒါမှမဟုတ် အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ပြီး ခုလိုလုပ်ခဲ့တာလို့ သုံးသပ်မိပါတယ်။


Sliver Coin of Jalaluddin Muhammad Shah(1418-1433)


Mugul's Coin

Coin of Narameikhla(Min Saw Mon) 1404-1434(The Buddhist Muslim Kings)

မြောက်ဦးခေတ်မှာ မင်းဆက် ၁၈ဆက်တိတိ မူဆလင်ဘွဲ့ခံယူခဲ့တယ်လို့ သမိုင်းကျမ်းတစ်ချို့မှာ ဖော်ပြခဲ့ပေမယ့် အစ္စလာမ်ဘာသာ လွှမ်းမိုးမှုအထောက်အထားဟာ ကျွန်တော်လေ့လာမိသလောက် ရခိုင်မဟာရာဇ၀င်တော်ကြီးအရ ကိုးဆက်မြောက်ဘုရင် လက်ထက်ကလွဲရင် ကျန်တဲ့ဘုရင်တွေလက်ထက်မှာ ထင်ထင်ရှားရှား မတွေ့ရပါဘူး။ မြောက်ဦးမင်းဆက်တစ်ခုလုံးဟာ ဗုဒ္ဓဘာသာဘုရင်တွေဖြစ်ကြပါတယ်။ ရခိုင်မှာ ဘင်္ဂလီဦးရေ တိုးတက်များပြားလာခြင်းဟာ ပေါ်တူဂီကျွန်အရောင်းအ၀ယ်လုပ်ငန်း တွင်ကျယ်လာပြီးတဲ့ နောက်ပိုင်းမှသာ ဖြစ်ပေါ်လာတယ်လို့ ဒေါက်တာအေးချမ်းက ဆိုထားပါတယ်။


A.F.K Jilani ရဲ့ Their Quest for Justice ဆိုတဲ့ စာအုပ်ထဲက မူဆလင်ဘွဲ့ခံ ရခိုင်ဘုရင်များရဲ့ နန်းဆက်ဇယားပုံ

ဒါပေမယ့်  မောရစ်ကောလစ်ကတော့ ရခိုင်ဘုရင်တွေ ရဲ့ နန်းစဉ်ဇယားကို ခုလိုတင်ပြထားပါတယ်။





ဒီနန်းစဉ်ဇယားအရ မူဆလင်ဘွဲ့ခံယူခဲ့တဲ့ ဘုရင်အရေအတွက်ဟာ Ali Khan ဘွဲ့ခံ မင်းခရီ ၊ Zabauk Shah ဘွဲ့ခံ မင်းဗာကြီး၊ Secundah Shah ဘွဲ့ခံ မင်းဖလောင်း၊ Selim Shah ဘွဲ့ခံ မင်းရာဇာကြီး၊Hussein Shah ဘွဲ့ခံ မင်းခမောင်း စုစုပေါင်း ဘုရင်ငါးပါးသာ မူဆလင်ဘွဲ့ခံယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီမူဆလင်ဘွဲ့ခံတယ်လို့ အတိအကျသိရတဲ့ ဘုရင်တွေထဲက မင်းခရီ(Ali Khan)ဟာ မြောက်ဦးမှာရှိတဲ့ ညီတော်စေတီကို တည်ဆောက်လှူဒါန်းခဲ့ပြီး မင်းဗာကြီး(Zabauk Shah)ဟာ ရှစ်သောင်း ပုထိုးတော်ကြီးရဲ့ သာသနာ့ဒါယကာဖြစ်ပါတယ်။ သူရဲ့နောက်က မင်းဖလောင်း(Secundah Shah)ဟာ ထင်ရှားတဲ့ ထုက္ကသိန်ပုထိုးတော်ကြီးရဲ့ ဒါယကာဖြစ်ပြီး မင်းရာဇာကြီး(Selim Shah) ကတော့ ဘုရားပေါ်စေတီတော်၊မြောက်ဦးမြို့က ပခန်းသိမ်၊ သံတွဲမြို့မှာရှိတဲ့ ရွှေကျောင်းပြင် ဘုန်းတော်ကြီးကျောင်းရဲ့ အလှူ့ဒါယကာဖြစ်ပါတယ်။ မင်းခမောင်း(Hussein Shah)ဟာ ရတနာပုံ၊ရတနာပြည်သက် စေတီတော်တွေရဲ့ အလှူ့ဒါယကာဖြစ်ပါတယ်။ ဒါ့အပြင် မူဆလင်ဘွဲ့ ခံယူခဲ့တယ်လို့ AFK Jilani အပါအ၀င် သမိုင်းဆရာတချို့ ဖော်ပြခဲ့တဲ့ မြောက်ဦးခေတ်ရခိုင်ဘုရင်တွေဟာ သူတို့စိုးစံစဉ်ကာလမှာ ဗုဒ္ဓဘာသာစေတီ၊ပုထိုး၊ ဘုရားကျောင်းကန်တွေရဲ့ အလှူ့ဒါယကာတွေဖြစ်ကြပါတယ်။ အဲဒီတော့ မြောက်ဦးဘုရင်တွေကို ဘင်္ဂလီယဉ်ကျေးမှု လွှမ်းမိုးခံရတယ်ဆိုတဲ့အချက်ဟာ မူဆလင်ဘွဲ့ခံယူခဲ့တာကလွဲရင် ကျန်တဲ့အထောက်အထား မတွေ့ရပါဘူ။ ဗုဒ္ဓဘာသာ စေတီ၊ပုထိုးတွေကို ဆောက်လုပ်လှူဒါန်းခဲ့တဲ့အတွက် ဒီဘုရင်တွေဟာ မူဆလင်ဘွဲ့ခံယူခဲ့ပေမယ့် အစ္စလာမ်ဘာသာကို ကူးပြောင်းသက်ဝင်ယုံကြည်ခြင်း အလျဉ်းမရှိခဲ့ဘူးဆိုတာ ထင်ရှားနေပါတယ်။ AFK.Jilani က Kalima Shah ဘွဲ့ခံယူခဲ့တယ်လို့ဖော်ပြထားတဲ့ ဘစောဖြူမင်းလက်ထက်မှာ အဒူမင်းညိုဆိုတဲ့ အမတ်တစ်ယောက်ရှိခဲ့ဖူးပါတယ်။ အဲဒီအမတ်ဟာ ရခိုင်စာပေသမိုင်းမှာသာမက မြန်မာစာပေသမိုင်းမှာပါ အလွန်ထင်ရှားတဲ့ ရခိုင်မင်းသမီးဧချင်းကို စပ်ဆိုခဲ့ပါတယ်။ အဲဒီဧချင်းထဲမှာ အစ္စလာမ်ဘာသာနဲ့ပတ်သက်တာ တစ်ခုမှမတွေ့ရတဲ့အပြင် ဘစောဖြူမင်းဟာလည်း မဟာဗောဓိရွှေဂူစေတီတော်ရဲ့ အလှူ့ဒါယကာဖြစ်ပါတယ်။ ဒီလိုမျိုး မူဆလင်ဘွဲ့တွေဟာ အဲဒီဘုရင်တွေဆီမှာ ခစားနေတဲ့ မူဆလင်ဘာသာဝင် မင်းမှုထမ်းတွေတီထွင်ပေးတာ ဖြစ်နိုင်သလို အိမ်နီးချင်းဘင်္ဂလားနဲ့  မဂိုဘုရင်တွေဆီကပေးတဲ့ဘွဲ့လည်း ဖြစ်နိုင်ပါတယ်။ မူဆလင်ဘွဲ့ခံလို့ မူဆလင်ယဉ်ကျေးမှု လွှမ်းမိုးတယ်ဆိုရင် ၀န်ကြီးချုပ်ဦးနုက ယူဂိုဆလားဗီးယား သမ္မတ မာရှယ်တီးတိုးကို သီရိသုဓမ္မဘွဲ့ပေးအပ်ဖူးပါတယ်။ အဲဒီအချက်ကိုကြည့်ပြီး ယူဂိုဆလားဗီးယားမှာ ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှုလွှမ်းမိုးတယ်လို့ သုံးသပ်ရင် ဖြစ်နိုင်ပါ့မလား။


ရခိုင်မဟာရာဇ၀င်ကြီးရဲ့ အဆိုအရ မြောက်ဦးခေတ်ရခိုင်နိုင်ငံတော်အတွင်း အစ္စလာမ်သာသနာ ပျံ့နှံ့ပုံနဲ့ ပတ်သက်ပြီး မြောက်ဦးနန်းဆက်ရဲ့ ကိုးဆက်မြောက်ဘုရင် ဇလတ္တာမင်းစောမွန်(သမိုင်းပညာရှင် M.S.Collis ရဲ့မှတ်တမ်းမှာတော့ ကိုးဆက်မြောက်ဘုရင်ကို ကဇာဘာဒီလို့ဖော်ပြထားပါတယ်) လက်ထက်မှာ ရုမ်ပါသျှမ်မင်းရဲ့ သံအမတ်ကြီးသုံးယောက်ဖြစ်တဲ့ ကာဒီ မူသျှာ ဟော်နုမျာတို့ဟာ မဟာမေဒင်သာသနာပျံ့ပွားအောင် ဆောင်ရွက်ခဲ့ကြတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ကျွန်တော် အွန်လိုင်းပေါ်မှာ အထောက်အထားလိုက်ရှာကြည့်တဲ့အခါ တွေ့တဲ့ Buddhist Muslim Kings ဆိုတဲ့စာတမ်းမှာတော့ ရုမ်ပါသျှမ်သံအမတ်တွေ သာသနာပြုတဲ့ကာလတုန်းက ဘုရင်ဟာ ၁၅၂၅ခုနှစ်မှာ နန်းတက်ခဲ့တဲ့ ကဇာဘာဒီနောက်က Jalal Shah ဘွဲ့ခံမင်းစောဦးလို့ ဦးသာထွန်းအောင်ရဲ့ ရခိုင်မဟာရာဇ၀င်တော်ကြီး စာမျက်နှာ ၄၀-၄၁ကို ကိုးကားဖော်ပြထားတာ တွေ့ရပါတယ်။ ဒီစာတမ်းမှာ ရေးသူနာမည်ကို မဖော်ပြထားပေမယ့် မူဆလင်သမိုင်းဆရာတွေဖြစ်တဲ့ AFK.Jilani ၊ A.B.M. Habibullah နဲ့ S.M. Ali တစ်ယောက်ယောက်ဖြစ်နိုင်ပါတယ်။ အဲဒီစာတမ်းထဲမှာ ဖော်ပြထားတဲ့ မြောက်ဦးဘုရင် မင်းစောဦးရဲ့ နန်းစံသက်ဟာ တစ်နှစ်တောင် မကြာပါဘူး။ ကိုးဆက်မြောက်အဖြစ် ဖော်ပြထားတဲ့ ကဇာဘာတီ(lliyas Shah)ရဲ့ နန်းစံသက်ဟာလည်း ၁၅၂၃-၁၅၂၅ ဖြစ်လို့ သုံးနှစ်ခန့်သာ ထီးနန်းစိုးစံခဲ့တာ တွေ့ရပါတယ်။ အဲဒီဘုရင်နှစ်ပါးထဲက တစ်ယောက်ယောက် နန်းစံတဲ့သုံးနှစ်(သို့) တစ်နှစ်အတွင်းမှာ မဂိုသံအမတ်ကြီးတွေက အစ္စလာမ်သာသနာပျံ့ပွားရေးကို တော်တော်လေးကို ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ မဟာရာဇ၀င်ကြီးမှာ ဖော်ပြထားပါတယ်။ ဘုရင်နဲ့ သဟဇာတဖြစ်တဲ့အတွက် ဒေလီကနေဓမ္မဆရာတွေကိုတောင် ပင့်ဖိတ်ပြီး သာသနာပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ် ဗလီတွေလည်း တည်ဆောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ရိုးရိုးသာသနာပြုတွေက ကိုယ့်အစီအစဉ်နဲ့ကို လာရောက်သာသနာပြုတာမျိုး မဟုတ်ပဲ သံအမတ်တွေက စီစဉ်တယ်ဆိုတော့ခါ ဒီသာသနာပြုကိစ္စဟာ နိုင်ငံရေးအကြံအစည်တွေ ရောယှက်နေမှာ သေချာသလောက်ရှိပါတယ်။ ဘုရင်ကိုလည်း လက်ဆောင်ပဏ္ဏာဆက်သပြီး သူတို့ရဲ့ သာသနာပြုလုပ်ငန်းကို ကြည်ဖြူအောင် ဆောင်ရွက်ခဲ့တယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။  ဒါပေမယ့် ဘုရင်ကိုတော့ မူဆလင်ဖြစ်အောင် သာသနာပြုနိုင်ခဲ့ခြင်း မရှိပါဘူး။ အရပ်သားတွေထဲက ဒီဘုရင်တစ်ပါးပါးရဲ့ သုံးနှစ်(သို့)တစ်နှစ်တာ နန်းသက်ကာလအတွင်းမှာ ဒီသံတမန်တွေရဲ့ သာသနာပြုခြင်းကို သက်ဝင်ယုံကြည်သွားသူ အရေအတွက် ဘယ်လောက်ရှိနိုင်မလဲ။ ထောင်ဂဏန်း၊ သောင်းဂဏန်းရှိနိုင်မလား။ မြောက်ဦးခေတ်ဟာ ရခိုင်သမိုင်းမှာ ဗုဒ္ဓဘာသာအင်မတန် ထွန်းကားခဲ့တဲ့အချိန်ကာလဖြစ်ပါတယ်။ ဒီဖက်ခေတ်နဲ့ နှိုင်းယှဉ် စဉ်းစားကြည့်ရအောင်ပါ။ ဘာသာစွဲ၊၀ါဒစွဲ၊ပုဂ္ဂိုလ်စွဲ အင်မတန်ကြီးမားတဲ့ ဗုဒ္ဓဘာသာအသိုင်းအ၀န်းထဲမှာ ဟောပြောဆွဲဆောင်မှုကြောင့် အစ္စလာမ်ဘာသာ ကူးပြောင်းသွားသူဦးရေနဲ့ အိမ်ထောင်ပြုလို့ အစ္စလာမ်ဘာသာဝင်ဖြစ်သွားသူ ဦးရေ ဘယ်ဟာက ပိုများမယ်ထင်ပါသလဲ။ ပြီးတော့ အဲဒီ သံအမတ်ကြီးတွေရဲ့ သာသနာပြုကာလဟာ ကဇာဘာဒီမင်း(သို့) မင်းစောဦးရဲ့ နန်းစံသက် သုံးနှစ်(သို့)တစ်နှစ်တောင်မကြာခဲ့ပါဘူး။ မင်းဆရာရသေ့ကြီး ရှင်ငယ်ဆရာဦးမြ၀ါရဲ့ ရွှေမျဉ်းဓမ္မသတ်ကြောင့် တားမြစ်ခြင်း ခံလိုက်ရပါတယ်။ ဒီနေရာမှာ သမိုင်းကြောင်း ကွဲလွဲမှုနည်းနည်းရှိနေပါတယ်။ အပေါ်က သံအမတ်ကြီးတွေသာသနာပြုတဲ့ အချိန်ကာလတုန်းက နန်းစံတဲ့ဘုရင်နဲ့ ပတ်သက်ပြီး ရခိုင်မဟာရာဇ၀င်တော်ကြီးထဲက ဖော်ပြချက်နဲ့ မောရစ်ကောလစ်ရဲ့ တင်ပြချက်ကို နှိုင်းယှဉ်ပြီး ကိုးဆက်မြောက်မင်းဟာ ကဇာဘာဒီလို့ကောက်ချက်ဆွဲထားပေမယ့် ရှင်ငယ်ဆရာဦးမြ၀ါရဲ့သမိုင်းအရ ဦးမြ၀ါဟာ ကဇာဘာဒီမင်းရဲ့ မင်းဆရာမဟုတ်ပဲ မင်းဗာဘုရင်လက်ထက်က ပညာရှိတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအတိုင်းမှန်ရင်တော့ ရှစ်သောင်းပုထိုးဒါယကာ မင်းဗာဘုရင်လက်ထက်မှာ အစ္စလာမ်ဘာသာ မြောက်ဦးမှာလွှမ်းမိုးတယ်ဆိုတဲ့အချက်ဟာ တော်တော်ဖြစ်နိုင်ဖို့ ခက်ယဉ်းမယ်လို့ ယူဆမိပါတယ်။ မောက်သူဇာ ၊ ဒက္ကာ ၊ ဂန်ဘီလာ ၊ သီလတ်၊ ပဋိတ္တရား ၊ ဂင်္ဂါသာရ ၊ စစ်တကောင်း ၊ ဂေဏတော်ပလ္လင် ၊ ကံသာ ၊ တိလိင်္ဂါ ၊ ဘာရီဆာရ် ၊ ရောင်ပုရ် စတဲ့ ဘင်္ဂါဆယ့်နှစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ မြောက်ဦးခေတ်ရဲ့ အထင်ရှားဆုံးဘုရင်ဟာ သူ့ရှေ့ကစိုးစံခဲ့တဲ့ ဘုရင်တွေလို ဘင်္ဂလားစူလတန်၊မဂိုအင်ပါယာတွေဆီမှာ စစ်ရေး၊နိုင်ငံရေး မှီခိုခဲ့ရသူမဟုတ်ပါဘူး။ရခိုင်မဟာရာဇ၀င်ကြီး စာမျက်နှာ ၄၀-၄၁ မှာဖော်ပြထားတဲ့ သက္ကရာဇ် ၈၈၇-ခု ကိုးဆက်မြောက် ဘုရင်လက်ထက်မှာ အစ္စလာမ်သာသနာပြုတွေ ၀င်လာတာနဲ့ပတ်သက်ပြီး အဲဒီစာတမ်းမှာပဲ မင်းစောဦးလက်ထက်နဲ့ မင်းဗာဘုရင်လက်ထက် နှစ်ခုခွဲပြီး တင်ပြထားတာတွေ့ရပါတယ်။ မဟာရာဇ၀င်ကြီးကို ကိုးကားထားတာ မှန်ပေမယ့် လိုချင်သလို ဆွဲရေးထားတဲ့သဘောပါ။ အဲဒီလိုလိုရာဆွဲသမိုင်းစာတမ်းတွေဟာ ဘင်္ဂလီသမိုင်းဆရာတွေလက်ထဲက ဘယ်လောက်များတောင် ထွက်ခဲ့မလဲလို့ စဉ်းစားမိပါတယ်။

ဒီဖက်ခေတ်ကာလအထိ ရှေးရိုးစွဲလူ့အဖွဲ့အစည်းတွေကြားထဲမှာ ဘာသာကူးပြောင်းခြင်းဟာ အသိုင်းအ၀ိုင်းတစ်ခုပြောင်းလဲလိုက်သလို ရှုမြင်နေတုန်းပါပဲ။ အဲဒီခေတ်ကာလကလည်း ဒီအတိုင်းပဲနေမှာပါ။ အခြေချနေထိုင်တဲ့ မူဆလင်တွေနဲ့ အိမ်ထောင်ပြုတဲ့ အမျိုးသမီးတချို့ရယ်၊ သူတို့ကိုမှီခိုနေရတဲ့ မိသားစုဝင်တချို့ ဘာသာကူးပြောင်းသွားတာကို ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းက ဧရာမပြဿနာကြီးအဖြစ် ရှုမြင်သုံးသပ်ပြီး ညီလာခံထိတက် ကန့်ကွက်ခဲ့တာဖြစ်နိုင်ပါတယ်။ အကယ်၍ အဲဒီအချိန်တုန်းကသာ လူအများအပြား အစ္စလာမ်ဘာသာ ကူးပြောင်းသွားမယ်ဆိုရင် ခုချိန်မှာ ရခိုင်ပြည်နယ်ရဲ့ မြို့ရွာတိုင်းမှာ အစ္စလာမ်သာသနာဆိုင်ရာ ရှေးဟောင်းဘာသာရေး အဆောက်အအုံတွေ ယခုတွေ့နေရတဲ့ ရှေးဟောင်းစေတီပုထိုးတွေလိုပဲ အများအပြားတွေ့မြင်ရမှာ သေချာပါတယ်။ ကျွန်တော့်အနေနဲ့ အစ္စလာမ်ဘာသာရေး အဆောက်အအုံတွေ လုံးဝမရှိဘူးလို့ ယတိပြတ်ငြင်းပယ်နေတာ မဟုတ်ပဲ များများစားစားမရှိဘူးလို့ ပြောချင်တာဖြစ်ပါတယ်။ ဒေါက်တာအေးချမ်းရဲ့ စာတမ်းအရ ဘင်္ဂလီတချို့ဟာ သူကောင်းပြုခံ မင်းမှုထမ်းတွေဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကို ကျွန်တော်လက်ခံပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ အထောက်အထားအနေနဲ့ J.Leider ရေးထားတဲ့ Buddhist Kings with Muslim Names ဆိုတဲ့ စာတမ်းမှာ ခုလိုတင်ပြထားပါတယ်။
The presence of two famous Bengali poets at the court of Arakan, Dawlat Kadi resided for several years at the court of King Thirithudhamma (from 1622 to 1638) and Sayyid Al-Awwal flourished at the court of King Sa tui: (from 1645 to 1652). ‘At the court of Rosang (as they call Arakan), they were patronized by ministers which are introduced in their poetry with typical Muslim names and titles.ဒီအချက်နဲ့ ပတ်သက်လို့ အဲဒီခေတ်အချိန်ကာလက ထီးပြိုင်နန်းပြိုင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အင်းဝ၊ဟံသာဝတီနိုင်ငံတွေမှာလည်း ရခိုင်လူမျိုး စာဆိုတော်တွေ အမှုထမ်းခဲ့တဲ့ သမိုင်းကြောင်းတွေရှိပါတယ်။ ရခိုင်စာဆိုတော်တွေ ဗမာ၊မွန်ဘုရင်တွေဆီမှာ အမှုထမ်းရုံနဲ့ ရခိုင်ယဉ်ကျေးမှု အဲဒီနေရာမှာ လွှမ်းမိုးခဲ့တယ်လို့ ကောက်ချက်ဆွဲလို့ မရပါဘူး။ အဲဒါကြောင့် ဘင်္ဂလီမင်းမှုထမ်းတွေရှိရုံနဲ့ ဗုဒ္ဓဘာသာ သက်ဦးဆံပိုင် ရခိုင်ဘုရင့်နိုင်ငံတော်မှာ ဘင်္ဂလီ၊အစ္စလာမ်ယဉ်ကျေးမှုလွှမ်းမိုးခဲ့တယ်ဆိုတဲ့အချက်ကို ကျွန်တော့်အနေနဲ့ လက်ခံဖို့တော်တော် ခက်ခဲပါတယ်။ အကယ်၍သာ အစ္စလာမ်သာသနာဟာ ရခိုင်ပြည်မှာ အမှန်တကယ် လွှမ်းမိုးမှုရှိခဲ့မယ်ဆိုရင် အခုပြောနေကြတဲ့ သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်းဆိုတဲ့ ဆိုရိုးစကားနေရာမှာ သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဗလီပေါင်း လို့ဖြစ်နေမယ် ထင်ပါတယ်။ နောက်တစ်ချက်က မြောက်ဦးခေတ်မှာ နိုင်ငံခြားကနေ အစ္စလာမ်ဘာသာတစ်မျိုးတည်း ၀င်ရောက်လာတာမဟုတ်ပဲ ပေါ်တူဂီတွေရဲ့ ဘရင်ဂျီသာသနာ(ကက်သလစ်ဘာသာ)ဟာလည်း ရခိုင်ပြည်ကို ၀င်ရောက်လာခဲ့ပါတယ်။ ဘရင်ဂျီဘာသာကူးပြောင်းသွားတဲ့ ရခိုင်လူမျိုးတချို့ ရှိခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ အဲဒီလိုကူးပြောင်းတဲ့အထဲမှာ မင်းမျိုးမင်းနွယ်တွေလည်း ပါဝင်နေပါတယ်။ ဥရောပကို ပထမဆုံးသွားရောက်ခဲ့တဲ့ ကက်သလစ်ဘာသာဝင် ရခိုင်မင်းသားတစ်ပါးရဲ့ အကြောင်းကို Don Martin, 1606-1643: the first Burman to visit Europe, by M.S. Collis and San Shwe Bu စာအုပ်မှာလေ့လာဖတ်ရှုနိုင်ပါတယ်။ မူဆလင်သမိုင်းဆရာတွေရေးသလို အစ္စလာမ်သာသနာပြုတွေရောက်ခဲ့တယ်၊ ဘာသာကူးပြောင်းမှုတွေရှိခဲ့တဲ့အတွက် မြောက်ဦးခေတ်မှာ ဘင်္ဂလီယဉ်ကျေးမှု၊အစ္စလာမ်ယဉ်ကျေးမှု လွှမ်းမိုးခဲ့တယ်ဆိုရင် ဘရင်ဂျီသာသနာပြုတွေရှိလို့၊ ကက်သလစ်ဘာသာကို ကူးပြောင်းတဲ့လူတွေရှိလို့ မြောက်ဦးမှာ ပေါ်တူဂီယဉ်ကျေးမှု၊ ကက်သလစ်ခရစ်ယာန်ဘာသာ လွှမ်းမိုးခဲ့တယ်ဆိုပြီး ခရစ်ယာန်သမိုင်းဆရာတွေ ဘာကြောင့်မရေးခဲ့တာလဲ ဆိုတဲ့မေးခွန်းတစ်ခုရှိနေပါတယ်။ ကိုရဲရင့်သစ္စာပြောခဲ့သလို ဘင်္ဂလီယဉ်ကျေးမှုလွှမ်းမိုးခြင်း ခံခဲ့ရတယ်ဆိုတဲ့ မြောက်ဦးခေတ်မှာ အစ္စလာမ်ဘာသာကို လက်ထပ်ထိမ်းမြားတာမျိုး မဟုတ်ပဲ အလိုအလျောက် သက်ဝင်ယုံကြည်သွားတဲ့ ထင်ရှားတဲ့ ရခိုင်မင်းမျိုးမင်းနွယ် တစ်ယောက်ယောက်များ ရှိခဲ့မယ်ဆိုရင် သိခွင့်ရချင်ပါတယ်။ အဲဒီခေတ်မှာ မူဆလင်သာသနာပြုတွေရှိသလို ဘရင်ဂျီသာသနာပြုတွေလည်းရှိတဲ့အတွက် ဗလီတွေရှိသလို ကက်သလစ်ဘုရားကျောင်းတွေလည်း ရှိခဲ့မှာသေချာပါတယ်။ ဒါပေမယ့် ဘုရင်ကိုယ်တိုင်ဆောက်လုပ်လှူဒါန်းတဲ့ ဗလီ၊ဘုရားကျောင်း ရှိတယ်လို့ မကြားဖူးပါဘူး။ အကယ်၍ရှိခဲ့တယ်ဆိုရင်တောင် ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီးဟာ အစ္စလာမ်ဘာသာဝင်တွေအတွက် မက္ကာမြို့မှာ ဇရပ်တစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့လို့ အမရပူရ နေပြည်တော်မှာ အစ္စလာမ်ဘာသာလွှမ်းမိုးခဲ့တယ်လို့ ကောက်ချက်ဆွဲလို့ မရပါဘူး။


ရခိုင်ပြည်မှာ တကယ်တမ်း မူဆလင်ဦးရေတိုးပွားလာတာက ၁၆ရာစုနဲ့၁၇ရာစုမှသာ တိုးပွားလာတာဖြစ်ပါတယ်။ ပေါ်တူဂီတွေနဲ့ရခိုင်ကျွန်ကုန်သည်တွေက ဘင်္ဂလီတွေကို ဖမ်းဆီးပြီး ရခိုင်ပြည်ကို အလုံးအရင်း တင်သွင်းလာခဲ့ပါတယ်။ ဒီအချက်ကိုတော့ ကိုရဲရင့်သစ္စာ သဘောတူထားတာ တွေ့ရပါတယ်။ အဲဒီခေတ်က ဘင်္ဂလီလူမျိုးတွေ ရခိုင်ပြည်ကို ဆန္ဒအလျောက် ကိုယ့်အစီအစဉ်နဲ့ကိုယ် လာရောက်အခြေချတာမျိုးရှိနိုင်ပေမယ့် အရေအတွက်များများစားစား ရှိမယ်မထင်ပါဘူး။ အဲဒီခေတ်ကာလက ဘင်္ဂလားပင်လယ်ပြင်မှာ ပေါ်တူဂီပင်လယ်ဓားမြတွေဟာ ကြီးစိုးနေတဲ့အချိန်ကာလဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဘုရင်၊ အာဏာပိုင်အဖွဲ့အစည်းရဲ့ အစီအစဉ် ဒါမှမဟုတ် တော်တန်ရုံလုံခြုံရေး အစောင့်အရှောက်တွေမပါပဲ ရေလမ်းခရီးနဲ့ လာရောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ နောက်တစ်ချက်က ကုန်းလမ်းခရီးအနေနဲ့ ၀င်ရောက်မယ့်လမ်းကြောင်းကို စဉ်းစားကြည့်တဲ့အခါ ဗြိတိသျှကိုလိုနီခေတ် ရခိုင်ပြည်မှာ လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွေ အကောင်အထည် မဖော်ခင်ကာလအထိ ရခိုင်ပြည်နဲ့ဘင်္ဂလားကြားက လမ်းပန်းဆက်သွယ်ရေး အခြေအနေဟာ တော်တော်လေးကို ခက်ခဲကြမ်းတမ်းပြီး သားရဲတိရစ္ဆာန်ထူပြောတဲ့ တောလမ်းခရီးဖြစ်နေပါတယ်။ ခုချိန်ထိရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ Bandarban ဒေသဟာ သစ်တောတွေဖုံးလွှမ်းနေတဲ့ ဒေသတစ်ခုအဖြစ် တည်ရှိနေဆဲပါပဲ။ အဲဒီခေတ်ကာလက ဒတ်ခ်ျတွေရဲ့ ကျွန်အရောင်းအ၀ယ်လုပ်ငန်းဟာ ကမ္ဘာပေါ်မှာ တော်တော်လေးကို ကျယ်ပြန့်လျက်ရှိနေပါတယ်။ ဒါပေမယ့် အဲဒီဖမ်းဆီးရမိတဲ့ ကျွန်တိုင်းကို ရခိုင်ပြည်မှာ ထားတာမျိုးမဟုတ်ပဲ တခြားနေရာတွေကို ပြန်လည်ရောင်းချတာမျိုးလည်း ရှိခဲ့ပါတယ်။ ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီနဲ့ ရခိုင်ပြည်ဆက်ဆံရေးနဲ့ပတ်သက်ပြီး သိချင်ရင် D.G.E Hall. 1960. "Studies in Dutch Relations with Arakan," Burma Research Society Fiftieth Aniversary Publication Volume II မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ကျွန်တော့်အမြင်ပြောရရင် မြောက်ဦးဟာ အဲဒီခေတ်ကာလက ကျွန်အရောင်းအ၀ယ်လုပ်ငန်းအတွက် ရောင်းသူ၊၀ယ်သူဆုံရာ ဈေးကွက်တစ်ခုဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ အဲဒီကျွန်တွေဟာ ကျွန်ကုန်သည်တွေနဲ့အတူ ရခိုင်ပြည်ကနေ ဗမာပြည်မနဲ့ အာရှ၊အာဖရိက ဒေသအနှံ့အပြားကို ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီလို အလုပ်ကြမ်းလုပ်ဖို့ အိန္ဒိယလူမျိုးတွေနဲ့ ဘင်္ဂလီတွေကို ကမ္ဘာတ၀ှန်းကို ပို့ဆောင်ခြင်းဟာ ၁၈ရာစုဦးကာလအထိ တွင်ကျယ်နေခဲ့ပါတယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်မှာ စစ်သုံ့ပန့်၊ကျွန်အစရှိတဲ့လူတွေကို အဲဒီဘ၀ကလွတ်ချင်ရင် ကျွန်ပိုင်ရှင် သို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ကင်းလွတ်ခွင့်ပြုမှသာ ကျွန်အဖြစ်က လွတ်မြောက်ခွင့်ရတဲ့ ဓလေ့ထုံးစံတစ်ရပ်ရှိပါတယ်။ ကိုရဲရင့်သစ္စာ တင်ပြသွားတဲ့အထဲမှာ ဒီကျွန်တွေဟာ နောက်ပိုင်း လွတ်လပ်ခွင့်ရသွားကြတယ်လို့ ဖော်ပြထားပေမယ့် အထောက်အထားပေးထားတာ မတွေ့ရပါဘူး။ ကျွန်တော်အပေါ်မှာပြောခဲ့သမျှ ခြုံငုံပြီးပြန်ပြောရမယ်ဆိုရင် ရခိုင်မှာ အစ္စလာမ်သာသနာပြုလို့ ရခိုင်တချို့ မူဆလင်ဖြစ်လာတယ်ဆိုတဲ့ သမိုင်းအထောက်အထားဟာ ရခိုင်မဟာရာဇ၀င်တော်ကြီးကလွဲလို့ တခြားရှေးဟောင်းရခိုင်သမိုင်း ကျမ်းဂန်တွေမှာ မပါရှိတဲ့အပြင် ဘင်္ဂလီအခြေချနေထိုင်မှုမှာ တရားဝင်ဝင်ရောက် အခြေချနေထိုင်ခွင့်ရခဲ့တဲ့ ဘင်္ဂလီဦးရေ မြောက်ဦးခေတ်တလျှောက် အနည်းငယ်ပဲရှိပြီး အများစုကတော့ စစ်သုံ့ပန့်၊ကျွန်အဖြစ် ဖမ်းဆီးတင်သွင်းလာလို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီအချက်ကို ထပ်ရှင်းပါရစေ။


ပေါ်တူဂီ သင်္ဘော

၁၈ရာစုဦးကာလက အာဖရိကတိုက်ကို တင်ပို့ခြင်းခံရတဲ့ ဘင်္ဂလီများ

ဒေါက်တာအေးချမ်းက မင်းစောမွန် မြောက်ဦးထီးနန်းကို စတင်တည်ထောင်စဉ်က ဂေါလ် စူလတန်ရဲ့အကူအညီနဲ့ တည်ထောင်ခဲ့တာဖြစ်လို့ ဘင်္ဂလီအခြေချမှုဟာ မြောက်ဦးခေတ်အစောပိုင်းကာလကတည်းက အနည်းငယ်ရှိခဲ့တယ်လို့ဆိုပေမယ့် ဦးခင်မောင်စောရဲ့ Religions of Arakan စာတမ်းထဲက ကမန်မူဆလင်သမိုင်းမှာတော့ မြောက်ဦးထီးနန်းကိုတည်ထောင်စဉ်က စတင်အခြေချခဲ့တဲ့ စစ်သည်တော်တွေဟာ အာဖကန်နဲ့ မဂိုမူဆလင်တွေဖြစ်တယ်လို့ ဆိုထားပါတယ်။မင်းစောမွန်ကို ကူညီပေးတဲ့ မူဆလင်စစ်သူကြီးတစ်ဦးရဲ့နာမည်က Wahlid Khanလို့သိရပါတယ်။ Khan ဆိုတဲ့အမည်ဟာ ကျွန်တော်ဗဟုသုတရှိသလောက်ကတော့ အိန္ဒိယမူဆလင်နဲ့ပထန်လူမျိုးတွေရဲ့ နာမည်ဖြစ်ပါတယ်။ ဘင်္ဂလီနာမည်မဟုတ်ပါဘူး။ ကမန်ဆိုတဲ့အမည်ဟာ အဲဒီခေတ်က အသုံးများတဲ့ ပါရှားဘာသာစကားဖြစ်ပြီး လေးသည်တော်လို့ အဓိပ္ပါယ်ရပါတယ်။ မောင်ဆန္ဒ(လယ်ဝေး)ရဲ့ ကမန်လူမျိုးသမိုင်းကို သေချာမဖတ်ဖူးပေမယ့် သူပြောသလို ကမန်ဟာ ရခိုင်မှာနဂိုကတည်းကရှိနေတဲ့ လူမျိုးတစ်မျိုးဆိုရင် အဲဒီလူမျိုးစုကို ရခိုင်ဘာသာနာမည်မပေးပဲ ဘာလို့ပါရှားနာမည် ကမန်လို့ပေးရတာလဲဆိုတဲ့ မေးခွန်းတစ်ခုရှိနေပါတယ်။ ဦးခင်မောင်စောရဲ့ စာတမ်းထဲမှာ မြောက်ဦးထီးနန်းတည်ထောင်ပြီး နှစ်နှစ်ရာခန့်အကြာမှာ မဂိုမင်းသား ရှားရှုဂျာနဲ့ နောက်လိုက်နောက်ပါတွေဟာ ရခိုင်ပြည်ကို လာရောက်ခိုလှုံရာကနေ အရင်ရောက်နေတဲ့ မူဆလင်စစ်သည်တော် မျိုးဆက်နဲ့ပေါင်းစပ်ပြီး ကမန်တိုင်းရင်းသားမျိုးနွယ်စု ပေါ်ပေါက်လာတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီကမန်သမိုင်းအတွက် ဦးခင်မောင်စောကိုးကားခဲ့တဲ့ ကျမ်းတွေကတော့ Myo Min,Old Burma p-38. See and compare with Maurice Collis in collaboration with San Shwe Bu, "Arakan's Place in the Civilization of the Bay" in Journal of Burma Research Society, Vol. XXIII, p. 493. M. Collis, "Arakan's Place in the Civilization of the Bay", XXIII, p. 493. တို့ပဲဖြစ်ပါတယ်။ ကိုရဲရင့်သစ္စာဆီမှာ ဒီစာအုပ်တွေ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ Logically သုံးသပ်ကြည့်ရင် ကမန်မူဆလင်တွေဟာ ဘင်္ဂလီတွေနဲ့ ဘာသာစကား၊ရုပ်ရည်ရူပကာ မတူညီတဲ့အတွက် ကိုရဲရင့်သစ္စာရဲ့ပြန်ကြားချက်တစ်ခုမှာ ရေးထားသလို မဂိုမင်းသား ရှားရှုရှာနဲ့နောက်လိုက်နောက်ပါတွေ မြောက်ဦးကို လာရောက်ခိုလှုံခဲ့လို့ ဘင်္ဂလီအရေအတွက်တိုးပွားလာတယ်ဆိုတဲ့ တင်ပြချက်ဟာ မဖြစ်နိုင်ဘူးလို့ ယူဆမိပါတယ်။ အကယ်၍ အဲဒီအချိန်ကတည်းကသာ ဘင်္ဂလီအရေအတွက်များများစားစား ရှိနေမယ်ဆိုရင် ကမန်တွေဟာ ဘာသာတူဘင်္ဂလီတွေရဲ့ ၀ါးမြိုခြင်းခံရပြီး ယခုအချိန်မှာ သီးသန့်လူမျိုးစုတစ်ခုအနေနဲ့ ကျန်ရှိနေစရာ အကြောင်းမရှိပါဘူး။
မြေဒူး မူဆလင် သမိုင်းနဲ့ ပတ်သက်ပြီး ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း(၄)မှာ ဆက်လက် တင်ပြပါအုန်းမယ်

                                                                                                 မြတ်သိန်းထွန်း(၂၄.၇.၂၀၁၂)

No comments:

Post a Comment